Thyroid သိုင်းရွိုက်ဟော်မုန်းချို့ယွင်းခြင်းများကိုဂရုစိုက်ပါ
သိုင်းရွိုက်၏အလုပ်သည် ခန္ဓာကိုယ်၏အရေးပါသောလုပ်ဆောင်မှုများစွာကို ထိန်းချုပ်ပေးသည့် ဟော်မုန်းများကို ထုတ်လွှတ်ပေးခြင်းဖြစ်ပါသည်။ သိုင်းရွိုက်ကောင်းမွန်စွာအလုပ်မလုပ်ခြင်းသည် ခန္ဓာကိုယ်တွင် (Hyperthyroidism) သိုင်းရွိုက်ဟော်မုန်းများလွန်းခြင်းနှင့် (Hypothyroidism) သိုင်းရွိုက်ဟော်မုန်း နည်းခြင်းများကို ဖြစ်စေနိုင်ပြီး ခန္ဓာကိုယ်တစ်ခုလုံးအတွက် ကျန်းမာရေးကိုပြင်းထန်စွာ ထိခိုက်စေနိုင်ပါသည်။ သိုင်းရွိုက်ချို့ယွင်းခြင်း၏ လက္ခဏာများသည် ကမ္ဘာတစ်ဝန်းတွင် အသက်အရွယ်အသီးသီးအပေါ် ရောဂါလက္ခဏာအမျိုးမျိုးနှင့် ပြင်းထန်မှုပေါ်မူတည်၍ အကျိုးသက်ရောက်မှု ရှိစေနိုင်ပါသည်။
သိုင်းရွိုက်ဆိုသည်မှာ ကိုယ်တွင်းဟော်မုန်းအားလုံး၏ အချုပ်ဟုတင်စားလို့ရပါသည်။ သိုင်းရွိုက် ဟော်မုန်းများ ပုံမှန်ဖြစ်နေခြင်းဖြင့် ခန္ဓာကိုယ်တွင်းရှိအခြားဟော်မုန်းများအား ပုံမှန်ဖြစ်စေနိုင်မှာဖြစ်ပါ သည်။ သိုင်းရွိုက်ဟော်မုန်း (များခြင်း/နည်းခြင်း) မဖြစ်ခြင်းသည်အကောင်းဆုံးဖြစ်ပါသည်။ ထို့ကြောင့် သိုင်းရွိုက်ဟော်မုန်း (နည်းခြင်း/များခြင်း)ထဲမှ (Hyperthyroidism) သိုင်းရွိုက်ဟော်မုန်များခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သော ကျန်းမာရေးလက္ခဏာများနှင့် ဆောင်ရန်ရှောင်ရန်များကို ဗဟုသုတအလို့ငှာ ဖော်ပြပေးလိုက်ပါသည်ခင်ဗျာ။
သိုင်းရွိုက်ဟော်မုန်းများခြင်း(Hyperthyroidism)၏လက္ခဏာများ
စိတ်မြန်လက်မြန်ဖြစ်ပြီး စိတ်ဆိုးလွယ်ခြင်း၊ နှလုံးခုန်သံမြန်ခြင်း၊ ချွေးထွက်လွယ်ခြင်း၊ ဆံပင်ကျွတ်ခြင်း၊ ကြွက်သား များအားနည်းလာခြင်း၊ အစားဘယ်လောက်စားစား ကိုယ်အလေးချိန်တက်မလာဘဲ ပိန်ချုန်းနေခြင်း၊ ညဖက်အိပ်မပျော်ခြင်း၊ အထိုင်အထလေးခြင်း၊ ဓမ္မတာမမှန်ခြင်း၊ ဝမ်းလျှောတက်ခြင်း တို့ဖြစ်ပါသည်။
သိုင်းရွိုက်ဟော်မုန်းများခြင်း၏ ဖြစ်နိုင်ခြေအချို့နှင့်နောက်ဆက်တွဲပြဿနာများ
မိသားစုရာဇဝင်ရှိခြင်း၊ ဓာတ်ရောင်ခြည်ကုထုံးပြုလုပ်ဖူးခြင်းနှင့် အချို့သောဆေးဝါးများကြောင့်လည်းဖြစ်နိုင်ပါသည်။ အကြောင်းအမျိုးမျိုးကြောင့် ဟော်မုန်းများသွားပါက နောက်ပိုင်းတွင် နှလုံး၊ အရိုး၊ စိတ်ပိုင်းဆိုင်ရာပြဿနာများ၊ နှလုံးပြဿနာများ၊ မျိုးမပွားနိုင်ခြင်း နှင့် နောက်ဆက်တွဲ ကျန်းမာရေးပြဿနာများကိုဖြစ်လာနိုင်ပါသည်။ သိုင်းရွိုက်ချို့ယွင်းမှုများသည် အသက်အရွယ် (ကျား/မ) မရွေး ထိခိုက်စေနိုင်သော်လည်း အမျိုးသမီးများသည် အမျိုးသားများထက် ပို၍ခံစားရနိုင်ပါသည်။
သိုင်းရွိုက်ဟော်မုန်းများသူတိုင်း ရှောင်သင့်တဲ့အစားအစာများ
အိုင်အိုဒင်းများသောအစားအစာများ၊ ပင်လယ်စာနှင့် ရေညှိများ၊ နို့နှင့်နို့ထွက်ပစ္စည်းများ၊ အနီရောင်ဆိုးဆေးဆိုးထား သောအစားအစာများ၊ ကြက်ဥအနှစ်၊ အုန်းနို့များ၊ ပဲပိစပ်ပါဝင်သောအစားအစာများ၊ Nitrates များသော အစားအစာများ၊ Gluten များသောအစားအစာများ၊ ကဖင်းဓာတ်ပါသောအစားအစာများကို ရှောင်ရှားသင့်ပြီး လုံးဝ ဖြတ်လိုက် ခြင်းမျိုးမဟုတ်ဘဲ သိုင်းရွိုက်ဟော်မုန်းကို မထိန်းနိုင်သေးသောကာလပတ်လုံး ဆင်ခြင်စွာစားသုံးသင့်ပါသည်။
သိုင်းရွိုက်ဟော်မုန်းများခြင်းကို လျှော့ချရန်အကြံပြုချက်များမှာ
ကျန်းမာသောအစားအစာများကိုစားပါ- သက်ဆိုင်ရာဆရာဝန်များ၏ညွှန်ကြားချက်အတိုင်း အစားအစာများကို မျှတစွာစားသုံးခြင်းဖြင့် သိုင်းရွိုက်ကျန်းမာရေးကို အထောက်အကူပြုနိုင်ပါသည်။
လေ့ကျင့်ခန်းပုံမှန်လုပ်ပါ- ပုံမှန်ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ခြင်းသည် သိုင်းရွိုက်လုပ်ဆောင်ချက်နှင့် ဇီဝဖြစ်ပျက်မှု ကို တိုးတက်ကောင်းမွန်အောင်ကူညီပေးနိုင်ပြီး အချို့သော သိုင်းရွိုက်ချိုးယွင်းမှုဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ပါသည်။
စိတ်ဖိစီးမှုကိုကာကွယ်ပါ- နာတာရှည်စိတ်ဖိစီးမှုသည် သိုင်းရွိုက်လုပ်ငန်းဆောင်တာနှင့် ဟော်မုန်းအဆင့်ကိုထိခိုက် စေနိုင်ပါသည်။ ထို့ကြောင့် တရားထိုင်ခြင်း၊ ယောဂ (သို့) အသက်ပြင်းပြင်းရှုလေ့ကျင့်ခြင်းသည် စိတ်ဖိစီးမှုကိုလျှော့ချနိုင်ပြီး သိုင်းရွိုက်ကျန်းမာရေးကို အထောက်အကူပြုနိုင်ပါသည်။
လုံလောက်စွာအိပ်စက်ပါ- လုံလောက်သော အိပ်စက်ခြင်းသည် အလုံးစုံသောကျန်းမာရေးအတွက် အရေးကြီးပြီး သိုင်းရွိုက်လုပ်ဆောင်မှုကိုထောက်ပံ့ပေးနိုင်ပါသည်။
ဆေးလိပ်နှင့် အရက်အလွန်အကျွံသောက်ခြင်းကို ရှောင်ကြဉ်ပါ- ဆေးလိပ်နှင့် အရက်အလွန်အကျွံသောက်ခြင်း သည် သိုင်းရွိုက်လုပ်ဆောင်မှုကိုထိခိုက်စေနိုင်ပြီး သိုင်းရွိုက်ဖြစ်ပွားမှုများကိုပါတိုးမြင့်စေနိုင်ပါသည်။
ပုံမှန်ကျန်းမာရေးစစ်ဆေးပါ- ပုံမှန်ကျန်းမာရေးစစ်ဆေးခြင်းနှင့် သိုင်းရွိုက်လုပ်ဆောင်မှုစစ်ဆေးမှုများသည် သိုင်း ရွိုက်ချို့ယွင်းချက်များကို စောစီးစွာသိရှိနိုင်ပြီး ကြိုတင်ကာကွယ်မှုများကို ပြုလုပ်နိုင်မည်ဖြစ်ပါသည်။ (သွေးစစ်ဆေးခြင်း၊ ပုံရိပ်ဖော်စစ်ဆေးခြင်း၊ ရုပ်ပိုင်းဆိုင်ရာစစ်ဆေးခြင်း)
ထို့ကြောင့် မိမိတွင်သိုင်းရွိုက်ရောဂါရှိနိုင်သည်ဟု သံသယရှိပါက စောစီးစွာရောဂါရှာဖွေခြင်းနှင့် ကုသခြင်းသည် နောက်ဆက်တွဲ ကျန်းမာရေးပြဿနာများကို ကာကွယ်နိုင်ကြောင်း ဗဟုသုတအလို့ငှာ ဖော်ပြပေးလိုက်ပါသည်ခင်ဗျာ။
သိုင်းရွိုက်ရောဂါနှင့်ပတ်သက်ပြီး ကျန်းမာရေးစစ်ဆေးလိုပါက ကျွန်တော်တို့ဗဟိုရ်စည်ဆေးရုံကြီး၏ Medical Check-up ဌာနတွင် ကျွမ်းကျင်သောပညာရှင်များက တိကျသောအဖြေများရရှိအောင် စစ်ဆေးဆောင်ရွက် ပေးနေပါသည်ခင်ဗျာ။
“လူသားအားလုံးကျန်းမာစေချင်သည်ဗဟိုရ်စည်”
Phone- 01-2300631(Hot Line), 2300502 to 2300514, Ext- 4505, 4001, 4002, 4010
အမှတ်(၁-၆)၊ (၃၁-၃၆)၊ (၃၇-၃၈)၊ ဗဟိုရ်စည်အိမ်ရာ၊ ဝါးတန်းလမ်းနှင့် ဗိုလ်ချုပ်လမ်းထောင့်၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့။
Email: bahosihospital@gmail.com
Web Mail: bahosihospital@bahosihospital.com